Friday, 27 February 2009

The State Of Being A Mature Man

အခန်း(၆)ရင့်ကျက်သောလူသားဘ၀ http:\\mgpyinnyar.friendster.blogs.com

(The state of being a mature man)

ရင့်ကျက်ခြင်း ဆိုတာ အဘိဓာန်အလိုအရ လျော်ကန်သင့်မြတ် သော ချင့်ချိန်ဆောင်ရွက်တတ်မှု(၀ါ)ပြည့်ဝဖွံ့ဖြိုးသော ရင့်မှည့်မှု(၀ါ)ပြီးပြည့် စုံသောအဖြစ် စသည့်အဓိပ္ပါယ်များဖွင့်ဆိုထားပါတယ်၊ ကျွန်တော်ပြောချင်တာက လူသားတစ်ဦးဟာ အရွယ်ရောက် လာသည်နှင့် အမျှ ရင့်ကျက်သူ ဖြစ်လာစေလိုတဲ့ အပိုင်းဖြစ်ပါတယ်။

လူနှင့်လူ့အဖွဲ့အစည်းတွေမှာ ပေါ်ပေါက်တတ်တဲ့ အမှုကိစ္စ၊ပြဿ နာအမျိုးမျိုးကို လျော်ကန်သင့်မြတ်အောင် ဖြေရှင်းဆောင်ရွက်နိုင် ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်၊ဒါဟာ ရင့်ကျက်သူတွေမှသာ လုပ်ဆောင်နိုင်စွမ်း ရှိမှာဖြစ်ပါတယ်၊ ရင့်ကျက်သူတစ်ယောက်မှာ ရှိရမည့် အရည်အသွေးစံညွှန်း နဲ့ပတ်သက်ပြီး စာရေးဆရာကြီး Harry A. Overstreet က ရင့်ကျက်မှု ဆိုင်ရာ သဘောတရားကွင်းဆက်များ(The nLinkage thory of Maturity)ဆိုတဲ့စာအုပ်မှာကွင်းဆက်(၆)ခုဖေါ်ပြထားပါတယ်၊အသိညဏ်ပိုင်း၊တာဝန်ယူမှုအပိုင်း၊အပြောအဆိုပိုင်း၊ လိင်မှုအပိုင်း၊ကိုယ်ချင်းစာနာ မှုအပိုင်းနဲ့ ဒဿနအမြင်ပိုင်း စသည်တို့ဖြစ်ပါတယ်၊အဲဒီထဲက ဒဿနအမြင် ပိုင်းကို ကျွန်တော့်အမြင်နဲ့ပေါင်းစပ် တင်ပြချင်ပါတယ်။

လူတစ်ယောက်ဟာ အသက်ကြီးလာသည်နှင့်အမျှ ရုပ်ပိုင်းဆိုင် ရာတဖြည်းဖြည်း ဖွံ့ဖြိုးလာသလို အသိညဏ်ပိုင်းနဲ့ဒဿန အမြင်ပိုင်းမှာ လည်းရင့်ကျက်လာဖို့ လိုပါတယ်၊ရုပ်ပိုင်း ကျန်းမာကြံ့ခိုင်မှု(Health) ရှိသလို အတွေးအမြင်ပိုင်းမှာ တစ်ခုလုံး(Whole) ကိုခြုံငုံကြည့်တတ်မှုလည်း ရှိဖို့ လိုပါတယ်၊ဒီနှစ်ခုပေါင်းစပ်ပြီး (Holliness: The state of being holly)မွန်မြတ်စင်ကြယ်ခြင်းဆိုတဲ့ဝေါဟာရ ပေါ်ပေါက်လာတယ်လို့ မှတ်သားဘူး ပါတယ်၊ဆေးပညာမှာလည်း ရုပ်ပိုင်းကုထုံးသာမက စိတ်ပိုင်းဆိုင်ရာပါ ခြုံ ငုံပေါင်းစပ် ကုသမှုကို(Holistic Theraphy) လို့ခေါ်ခဲ့ပါတယ်။

ကျွန်တော်တို့ ကလေးဘ၀မှာ အစိတ်အပိုင်းမျှသာကြည့်တတ် မြင်တတ်ကြပြီး လူကြီးဘ၀မှာ အစုအစည်းတွေကိုကြည့်တတ် လာပါတယ်၊ (ဥပမာ-ကလေးတစ်ယောက် အနေနဲ့ သစ်တောအုပ်ကို စုစည်းမကြည့်တတ် သေးမှီ သစ်ပင် အစိတ်အပိုင်းမျှလောက်သာ မြင်တတ်ခြင်းမျိုးဖြစ်ပါတယ်) ရုပ်ဝတ္ထုတစ်ခုကို အသေးမှ အကြီးပုံကြီးချဲ့ကြည့်မှု(Magnify)သဘောတရား၊တဖန် အကြီးမှ အသေးချုံ့ကြည့်မှု (Micro)သဘောတရား၊အစိတ်စိတ်အပိုင်းပိုင်းပြု၍ခွဲခြမ်းစိတ်ဖြာကြည့်မှု (Analysis)သဘောတရား၊ အစုအပေါင်းပြု၍ တစ်ခုလုံးခြုံငုံ ပေါင်းစပ်ကြည့်မှု (wholly scope) သဘောတရား၊ မြင်ကွင်းချဲ့၍ အပေါ်ဆီးကြည့်မှု(over view)သဘော တရား စသည်တို့ဟာ မိမိအသိအမြင်ကို ပြည့်စုံစေပြီး မှန်ကန်မှု၊နှိုင်းဆ ချင့်ချိန်မှု၊ရင့်ကျက်မှု တွေနဲ့ ဆက်စပ်နေတဲ့ သဘောတရားများဖြစ်ပါတယ်။

ရင့်ကျက်သူတစ်ဦးဟာ တစ်ဖက်သပ် ရှုဒေါင့်တစ်ခုတည်းမှ မကြည့်ဘဲ ဘက်စုံခြုံငုံသုံးသပ် ရှုမြင်တတ်ဖို့လိုပါတယ်၊ ရင့်ကျက်သူဆိုတာ ဒိဋ္ဌဓမ္မ လက်တွေ့ကျခြင်း၊အရှိတရားကိုလက်ခံခြင်း၊အသိညဏ်နဲ့ ထိန်းချုပ်နိုင်စွမ်းရှိခြင်း၊ လတ်တလောသာယာမှုထက် ဆင်ခြင်တုံတရားကို ဦးစားပေးခြင်း၊အစွဲကင်းခြင်း၊အစွန်းလွတ်ခြင်း၊ဘယ်အရာဦးစားပေးရမည်ကိုသိခြင်း၊ဆုံးဖြတ်နိုင်ခြင်းစသည့် ဂုဏ်ပုဒ်တွေ ရှိမှ ရင့်ကျက်သူလို့ လေ့လာ မှတ်သားမိပါတယ်။

ဒီတော့ ကျွန်တော်တို့ မိမိကိုယ်မိမိ အသက်အရွယ်ကြီးရင့်လာ သည်နှင့်အမျှ အတွေးအမြင်ပိုင်းမှာ ဘယ်လောက်အထိ ရင့်ကျက်လာပြီလဲ ဆိုတာဆန်းစစ်ကြည့်သင့်ပါတယ်၊တကယ်တော့ ရင့်ကျက်ခြင်းသည် အသက်အရွယ်ပေါ်မှီနေသည်ဟုလည်း မဆိုနိုင်ပါ၊ ဆင်ခြင်တုံမဲ့သော တွေး ကြံမှု၊အသိညဏ်မပါသော လုပ်ဆောင်မှု၊ခံစားချက်နောက် တကောက် ကောက်လိုက်ပါမှု၊စိတ်အလိုလိုက်မှု စသည်တို့မှ ကင်းလွတ်နိုင်ခြင်းပေါ်မှာ မူတည်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်၊ဂရိပညာရှင် ပိုက်သဂိုရပ် ကတော့ လူသားတစ်ယောက်ဟာ အသက်အရွယ် လူလတ်ပိုင်း ၄၀ နဲ့ ၆၀ အတွင်း သာ လူ့ဘ၀ရဲ့ အခွင့်အလန်း အစွမ်းအစတွေ အကောင်အထည်ဖေါ်နိုင် ဆုံးအချိန်လို့ မှတ်ချက်ပြုခဲ့ဘူးပါတယ်၊ဒါကြောင့် အသက်အရွယ်ကြီးလွန်း ခြင်း ငယ်လွန်းခြင်းတို့ကို ချွင်းချက်ထားပြီး ကျွန်တော်တို့ လူလတ်ပိုင်းအရွယ် မှာ ရင့်ကျက်သူတစ်ယောက် ဖြစ်အောင်ကြိုးစားသင့်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာမှာ အသက်နဲ့ကန့်သတ် ပိုင်းခြားဝေဖန်နိုင် သော်လည်း စိတ်ပိုင်းဆိုင်ရာမှာမူ မည်သည့်အချိန်ထိ ရင့်ကျက်နေမည်ဟု ကန့်သတ်ရန် ခက်ခဲပါလိမ့်မယ်၊တစ်ချို့က အိုမင်းမစွမ်းဖြစ်ချိန်ထိ(၀ါ) သက်တမ်းစေ့ ကွယ်လွန်ချိန်ထိ စိတ်ပိုင်းဖွံ့ဖြိုးရင့်ကျက်နေတတ်ပြီး၊ တစ်ချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ သိတတ်မြင်တတ်ချိန်ကတည်းက ရင့်ကျက်မှုအရည် အသွေးတွေ ဖြစ်ထွန်းနေတတ်ပါတယ်၊ဒါကြောင့် လူ့အပြုအမူနဲ့ အရည် အသွေးကို ကန့်သတ်ပြဋ္ဌာန်းခြင်းငှာ မဖြစ်နိုင်ပါဟု ရှေးပညာရှင်တို့က ဆိုခဲ့ ဘူးပါတယ်။

လူသည် ကောင်းနေရာမှ ဆိုးတတ်သလို ဖိနှိပ်ခံဘ၀ ပြင်းထန်တဲ့ ဘ၀ရဲ့ထိုးနှက်ချက်များပြားလာတဲ့အခါ အမှားအယွင်း ဆုံးဖြတ်ချက်များ လည်းချတတ်သေးကြောင်း လေ့လာမိပါတယ်၊ယင်းကဲ့သို့ ရင့်ကျက်သူတစ်ဦး တစ်ယောက်က အမှားအယွင်း တစ်စုံတစ်ခုပြုမိရုံမျှနှင့်လည်း သူ့ရဲ့ ရင့်ကျက်မှုဟာအပြီးတိုင်ပျောက်ကွယ်သွားလိမ့်မယ်မထင်ပါဘူး၊ရံခါစိတ်ထွက်ပေါက်ပေးမှုနှင့်တူသဖြင့် အကျိုးပြုတတ်သေးကြောင်း၊ဘာကြောင့်လည်းဆို ရင် လူသည် ကလေးသူငယ် အငုံ့စိတ် အဇ္ဈတ္ထ ဗီဇစိတ် ကိုယ်စီပါလာတာ ကြောင့် ထိုကဲ့သို့ အမှားအယွင်းမျိုးလုပ်မိနိုင်သည်ဟု စိတ်ပညာရှင်တချို့က မှတ်ချက်ပြုခဲ့ကြပါတယ်။

တစ်ဖန် ဂရိပညာရှင် ပလေတိုး ကလည်း လူ့အဖွဲ့အစည်းကို ဒဿနပညာရှင်များ ဦးဆောင်ဖြေရှင်းနိုင်မှ ကမ္ဘာလောကကြီး ငြိမ်းချမ်း သာယာမည်ဟု ဆိုခဲ့ပါသေးတယ်၊ဒီစကားဟာ စိတ်ရောဂါကုဆရာဝန် တစ်ဦးဖြစ်တဲ့ GR Chisholmရေးခဲ့သော ယနေ့ထိ ကမ္ဘာ့သမိုင်းမှာ နေရာမှန်ရောက်နေတဲ့ ရင့်ကျက်သူရယ်လို့ လုံလုံလောက်လောက် မရှိသေး ကြောင်း ဆိုတဲ့စကားကို ပဲ့တင်ထပ်ထားသလိုပါဘဲ၊ဆိုလိုတာက လူသား အကျိုးနဲ့ မိမိကိုယ်ကျိုး သာတူညီမျှဒွန်တွဲ ဖန်တီးပေးစွမ်းနိုင်မည့် အသိညဏ် နဲ့ စိတ်ဓါတ်ရင့်ကျက်သူမျိုး ရှားပါးနေသေးကြောင်း ပြောခြင်းဖြစ်ပါတယ်။

ကျွန်တော်ပြောချင်တာက ရင့်ကျက်တဲ့လူသားတစ်ယောက်ဆိုတာ လူသားဘ၀အပေါ်မှာ အတွေးအမြင်မှန်ကန်မှုရှိဖို့လည်း လိုအပ် ကြောင်းဖြစ်ပါတယ်၊လူသည် သီးခြားသတ္တ၀ါမျိုး မဟုတ်ကြောင်း၊ကမ္ဘာလောကကြီးရဲ့ အစိတ်အပိုင်းတစ်ခု(၀ါ)သဘာဝကြီးရဲ့ သဘာဝတရားတစ်ခု အဖြစ်နဲ့ရပ်တည်နေကြောင်း၊လူသည်ကိုယ့်ကိုယ်ကို ပိုင်စိုးနိုင်တဲ့ အနှစ်သာရ ရှိသူမျိုးဖြစ်ကြောင်း၊ကန့်သတ်ပြဋ္ဌာန်းခံမျိုး မဟုတ်ဘဲ လွတ်လပ်သူ လူသား တစ်ဦးအဖြစ်နဲ့ လောကကြီးရဲ့အကျိုးကို ကျေးဇူးပြုနိုင်တဲ့ ရင့်ကျက်သူ ဖြစ်လာနိုင်ကြောင်း ရှေးပညာရှင်တို့က ဆိုခဲ့ပါတယ်၊သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း ကလည်း သူသည် ကမ္ဘာလောကကြီးရဲ့ ကျေးဇူးတော်အနန္တ ကို ရှက်မိကြောင်း ၀န်ခံခဲ့ပါတယ်၊သူစားရတဲ့ ပေါင်မုန့်တစ်ချပ်၊သူဝတ်ရတဲ့ ဘောင်းဘီတိုတစ်ထည် အပေါ်မှာသူ့ရဲ့ လုပ်အားမပါဘဲ လူသားတွေရဲ့ ဖန်တီးမှု သဘာဝကြီးရဲ့ပံ့ပိုးမှုတို့ကို သိမြင်၍ဖြစ်ကြောင်း၊သူဟာ မိမိလုပ် ရပ်တစ်ခု အောင်မြင်ကျော်ကြားရုံနဲ့ မာနတက်တတ်သူမျိုးမဟုတ်ကြောင်း မှတ်သားမိပါတယ်၊ငါ့ကျေးဇူးကြောင့် ငါ့လုပ်ရပ်ကြောင့် ငါသည် လောကရဲ့ ကျေးဇူးရှင် ဟူသည့်အယူသည် သဘာဝကြီးကို သစ္စာဖေါက် ကျေးဇူးကန်း ရာရောက်တယ်လို့ဆိုပါတယ်၊တစ်ဦးချင်း ပုဂ္ဂလအတွက်ဖြစ်စေ အဖွဲ့အစည်း အတွက်ဖြစ်စေ လူကောင်းလူတော်ဖြစ်ရုံမျှနှင့် သဘာဝလောကကြီးတစ်ခု လုံးရဲ့ကျေးဇူးရှင်ဖြစ်သည်ဟု မခေါ်နိုင်ကြောင်း၊စင်စစ် လူသည် လောကကြီး ကိုကျေးဇူးပြုနေသူသာဖြစ်ကြောင်း (တစ်နည်းအားဖြင့်)မိမိအားသဘာဝလောကကြီးကထောက်ပံ့နေပါလားဟုသဘောပေါက်ထားသင့်ကြောင်း၊ ဒါကြောင့် ရင့်ကျက်သူတစ်ဦးဟာ မိမိဂုဏ်ရည်ကို သဘာဝလောကကြီးရဲ့ အောက်မှာ အမြဲနှိမ်ချထားနိုင်တဲ့စိတ်မျိုးရှိသင့်တယ်လို့ သဘောပေါက်မိ ပါတယ်၊ဤနည်းအားဖြင့် လူသည် အတ္တဗဟိုပြုစိတ်(၀ါ)လူသာပဓာန အယူအဆ ပျောက်ပြီး လူသားဆန်တဲ့စိတ်(၀ါ)လူမှုပဓာန အယူအဆ လွှမ်း မိုးလာနိုင်တယ်လို့ ပညာရှင်အချို့က ဆိုခဲ့ကြပါတယ်။

ဒါကြောင့် အလွန်လူသားဆန်တဲ့ အဖြစ်မှန်မှာမူ ပြီးပြည့်စုံအောင် ရင့်ကျက်နိုင်သူဟူ၍ သတ်မှတ်ရန်ရန်ခက်ခဲကြောင်း ပညာရှင်အချို့က လက်ခံခဲ့တဲ့အတွက်No man is perfect ဆိုတဲ့စကားလည်း ပေါ်ပေါက် ခဲ့ပါတယ်၊ကျွန်တော့်အမြင်မှာတော့ ရင့်ကျက်ခြင်းဆိုင်ရာ သဘောတရား များအနက် ဒဿနအမြင်ပိုင်း အတွေးအခေါ်ပိုင်းရင့်ကျက်မှုဟာ အရေးကြီး ဆုံးဖြစ်ပါတယ်၊ကျန်တဲ့ ကွင်းဆက်သဘောတရားတွေမှာလည်း သူအပိုင်းနဲ့သူတစ်မျိုးစီရင့်ကျက်အောင်လုပ်ဖို့လိုပါတယ်၊ အပြောအဆိုရင့်ကျက်ခြင်း ဆိုတာအဖွဲ့ အစည်းနဲ့ပတ်ဝန်းကျင်ဆက်ဆံရေးပြေလည်ကောင်းမွန်စေဖို့ ဖြစ်ပါတယ်၊လိင်မှုဆိုင်ရာ ရင့်ကျက်ခြင်းဆိုတာ မိမိရဲ့စိတ်နေစိတ်ထားနဲ့ အပြုအမူတွေကို အသိညဏ်ဖြင့်ထိန်းချုပ်စေဖို့ဖြစ်ပါတယ်၊တာဝန်ယူမှု တာဝန်သိမှုဆိုင်ရာ ရင့်ကျက်ခြင်းဆိုတာ အများနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေပေါ်မှာ တုန့်ပြန်တတ်မှု ထိန်သိမ်းချင့်ချိန်စွာ လုပ်ဆောင်နိုင်စွမ်းရှိစေဖို့ဖြစ်ပါတယ်၊ တကယ်တော့ လူသည် သူတပါးကို ကိုယ်ချင်းစာနာတတ်ပြီး အသိညဏ်နဲ့ ဒဿနအမြင်မှန်ရှိမယ်ဆိုရင် ရင့်ကျက်သူတစ်ဦးလို့ဆိုရမှာဖြစ်ပါတယ်။

ကျွန်တော်ပြောချင်တာက ရုပ်ပိုင်းကြီးထွားမှုထက် စိတ်ပိုင်းရင့်ကျက်သူဖြစ်အောင်ကြိုးစားသင့်ကြောင်း၊ လူသည်မည်မျှပင် အားနည်းချက် ကိုယ်စီရှိခဲ့စေကာမူ မိမိကိုယ်မိမိရင့်ကျက်သူဖြစ်အောင် စိတ်ဓါတ်ဖွံ့ဖြိုး လာအောင် တတ်နိုင်ဆုံးကြိုးစားပြီး လူသားတစ်ဦးရဲ့ တာဝန်သိစိတ်ဖြင့် အတ္တပရ (ကိုယ့်အကျိုး သူအကျိုး)ညီညွတ်မျှတသော လူမှုအကျိုးပြုကိစ္စ ရပ်များကို အလေးထားဆောင်ရွက်သင့်ကြောင်း တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။ မောင်ပညာ ၂၀၀၇ ခုနှစ်၊မတ်လ http:\\mgpyinnyar.friendster.blogs.com

Email : winpyin@gmail.com http:\\mgpyinnyar.blogspot.com