Monday, 2 March 2009

The state of being a genetic man

အခန်း(၉)မျိုးရိုးဗီဇရှိသော လူသားဘ၀ (The state of being a genetic human)

ယနေ့မျက်မှောက်ကမ္ဘာကြီးမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်း စုံမှာလည်း ကြိုနညယ့်လူမျိုးရဲ့ မျိုးရိုးဗီဇ (Gene) တွေကိုယ်စီပါရှိလာကြပါတယ်၊ လူတွေ တစ်ဦးနဲ့တစ်ဦး အသွင်မတူ စရိုက်ကွဲပြား ညဏ်ရည်တွေ ကွာခြားနေ ခြင်းဟာ ဂျင်း Gene နဲ့ဘယ်လိုသက်ဆိုင်နေသလဲ ဆိုတာကို မျိုးရိုးဗီဇပညာရှင်များက သိပ္ပံနည်းနဲ့လေ့လာ စူးစမ်းခဲ့ကြပါတယ်၊တိရိစ္ဆာန်တွေမှာလဲဧရာမနဲ့ ပိစိကွေးတွေဘာကြောင့်ကွဲပြားရသလဲ၊သစ်ပင်ပန်းပင်တွေမှာ ရော မျိုးစိတ်တွေခြားနားတဲ့ အကြောင်းတွေကို စူးစမ်းလေ့လာခဲ့ကြ ပါတယ်။

ကျွန်တော် အနေနဲ့တော့ သက်ရှိလောကကြီးထဲမှာ လူသားနဲ့ ဆိုင်တဲ့ မျိုးရိုးဗီဇတွေနဲ့ အသိညဏ် ဘယ်လိုပတ်သက်နိုင်သလဲ ဆိုတဲ့ အတွေးအမြင်ပိုင်း ကိုဆွေးနွေးချင်ပါတယ်။

ဂျင်းဟာသက်ရှိလောကရဲ့ သမိုင်းကြောင်းမှတ်တိုင် တွေသဖွယ် ဖြစ်တယ်လို့ ပညာရှင်တွေက မှတ်ချက် ပြုကြပါတယ်၊ သက်ရှိသတ္တ၀ါတွေ ဘယ်လို စတင်ဖြစ်ပေါ်ကြသလဲ ဆိုတာကိုလည်း စူးစမ်းလေ့လာခဲ့ကြပါတယ်၊ မျိုးရိုးဗီဇပညာဟာ တကယ်တော့ ၁၉၀၀ပြည့်နှစ်လောက်အထိ ဟိုမရောက်ဒီမရောက်နဲ့ သောင်တင်သင်္ဘောလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

၁၉၅၀ ခုနှစ်မှာ ဇီဝသိပ္ပံ နိုဘယ်ဆုရှင် Jame Watson ကစတင်တွေ့ရှိဖေါ်ထုတ်နိုင်ခဲ့တဲ့DNA(Dioxyribose Nucleus Acid) အကြောင်းကို ဆက်လက်လေ့လာခဲ့ကြပါတယ်၊နောက်ပိုင်းမှာတော့ ဒီပညာရပ်ဟာ ခန္ဓာကိုယ် cell ဆဲလ်တွေထဲအထိ နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ခဲ့ကြပြီး ပညာရပ်နယ်ပယ် ကျယ်ပြန့်တိုးတက်လာကြပါတယ်၊ လူသားရဲ့ မျိုးရိုးဗီဇကို သိပ္ပံနည်းနဲ့ရှာဖွေ ကိုင်တွယ်နိုင်မယ်ဆိုရင် လူသား မျိုးနွယ်တစ်ရပ်လုံးကို အရည်အသွေး မြှင့်တင်ပေးနိုင်မယ်လို့တောင် မျှော်မှန်းခဲ့ကြတယ်။

၂၀ ရာစုခေတ်ထဲမှာလဲ မိသားစုတွေထဲမှာမျိုးရိုး လိုက်တဲ့အချက် ဘာတွေရှိနိုင်မလဲ(ဥပမာ-တရားသူကြီးမျိုးရိုး၊ ပါရမီရှင်မျိုးရိုး၊ အရပ်ပုမျိုးရိုး လက်ချောင်းတိုမျိုးရိုး) စသည်တွေကိုလေ့လာစူးစမ်းခဲ့ကြပါတယ်၊ဆွေမျိုးမိသားစုတွေထဲမှာဖြစ်တတ်တဲ့ ကိစ္စမျိုးတွေနဲ့ ဂျင်းဗီဇတွေဟာဘယ်လို ပတ်သက်နိုင် သလဲဆိုတာ အဖြေရှာကြခြင်းဖြစ်ပါတယ်၊ တဖန် အဘိုးတစ်ယောက်ရဲ့ မျိုးဆက် (Generation) သွေးသားထဲမှာ မြေး(သို့မဟုတ်) မြစ်တစ်ယောက်ဟာ သူ့အဘိုးနဲ့ရုပ်ချင်းတူတဲ့အပြင် ၀ါသနာ အကျင့်စရိုက်လည်း တူနေတတ်ပါတယ်၊ အဲဒီလိုတူတာကို(Atavism) လိုခေါ်ကြပါတယ်၊ အယူသီးတဲ့ တချို့ကတော့ အဘိုးပြန်ဝင်စားတဲ့ကလေးလို့ မှတ်ယူကြပါတယ်၊ ဆွေမျိုးမဟုတ်ဘဲ ရုပ်ချင်းတူနေတာမျိုးလည်းရှိတတ်ပြန်တော့ ဂျင်းဗီဇတွေရဲ့ ဆန်းကြယ်တဲ့ သဘောတရားကို ရှာဖွေခဲ့ကြတယ်၊ပုံမှန်က တော့အသားဖြူတရုပ်လူမျိုးက အသားမဲကုလာလေးမွေးနိုင်မှာ မဟုတ်ဘူး ပေါ့၊ဒါပေမဲ့ ဂျင်းဗီဇပညာရှင်တွေက သိုးမဲမိခင်ကြီးဝမ်းထဲမှ သိုးဖြူမလေး ဒေါ်လီကို ပုံတူclone မွေးစေခဲ့ပါတယ်၊မျက်မှေက်ခေတ်မှာတော့ လူသား ကိုပင် ပုံတူထုတ်လုပ်ပေးနိုင်လာပါတယ်၊ဒါကိုတော့ လူမှုရေးအရ အများစုက ကန့်ကွက်ကြတယ်လို့ဆိုပါတယ်။

မျိုးရိုးဗီဇပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့သက်သေထူနိုင်ခြင်းအားဖြင့် လူသားတွေရဲ့အတွေးအခေါ်တွေ တည့်မတ်မှန်ကန်အောင် အထောက် အကူပြုပေးနိုင်မယ်လို့ မျှော်လင့်ကြပါတယ်၊၂၀ ရာစုနောက်ပိုင်းမှာတော့ ညဏ်ရည်မြင့်မားစေတဲ့ ဂျင်းဗီဇတွေ ဖေါ်ထုတ်နိုင်မလား၊ လူသား တစ်ယောက်ကိုသန္ဓေသား ဘ၀မှာ မိန်းကလေးမလိုချင်ရင် ယောင်္ကျားလေး ဖြစ်အောင် ဂျင်းဗီဇပညာနဲ့ လုပ်ပေးနိုင်ပါ့မလား ဆိုပြီးစဉ်းစားကြံဆလာ ကြပါတယ်၊တကယ်တော့ လူသားတစ်ယောက်ကို ကြိုတင်ကန့်သတ်ပြဋ္ဌာန်းခြင်းငှာ မဖြစ်နိုင်ပါလို့ ဒဿနပညာရှင် တွေက ဆိုခဲ့ပါတယ်၊ဂျင်းဗီဇပညာနဲ့ လူရဲ့ကံကြမ္မာကို ကန့်သတ်ဖန်တီးပေးသင့်ပါသလားဆိုတာ စဉ်းစားဆင်ခြင် စရာအများကြီးလိုအပ်မယ် လို့ဆိုရမှာဖြစ်ပါတယ်၊သိပ္ပံပညာနဲ့ ဒဿနပညာကို အမီလိုက်နိုင်မယ်လို့ တစ်ချို့က ဆိုပါတယ်၊ လူတွေဟာ ကိုယ့်ကြမ္မာကို ကြိုသိနေတာမျိုး အနှေးနဲ့အမြန် ရင်ဆိုင်လာကြရမှာလို့တောင် ဆိုတယ်။

ကမ္ဘာ့လူဦးရေ သန်းပေါင်း(၆၀၀၀)ကျော်မှာ တစ်ဦးနဲ့တစ်ဦးDNA မတူကြတာကြောင့်(ပြစ်မှုတရားခံတွေကို လက်ဗွေစစ်ဆေးသလို) DNA စစ်ချက်ယူပြီး တရားခံဖေါ်ထုတ်နိုင်ခဲ့ကြပါတယ်၊တဖန် ကင်ဆာရောဂါ ဆဲလ်တွေကိုလည်း တားဆီး ပိတ်ဆို့ ရပ်တန့်ထားဖို့ လုံးပမ်းနိုင်ကြပါတယ်၊ မျိုးရိုးလိုက်တဲ့ ရောဂါပေါင်း တစ်သောင်း ခန့်ရှိတယ်လို့လည်း ဆိုပါတယ်၊ ဒီမျိုးရိုးဟာ ဒီပုတ်ထဲက ဒီပဲဘဲ ဆိုသလိုရောဂါလက္ခဏာပြတဲ့ ဂျင်းဗီဇတွေကို ဖေါ်ထုတ် သုတ်သင်ပစ်ဖို့ကြိုးစားကြတယ်၊တချို့ကလည်း လူဆိုးစရိုက် ဖြစ်စေနိုင်တဲ့ ဂျင်းဗီဇတွေများရှိနေမလားဆိုပြီး စူးစမ်းရှာဖွေကြခဲ့သေးတယ်၊

တကယ်တော့ ဇီဝဗေဒပညာနဲ့ရူပဗေဒပညာတွေ ဆက်စပ် သုံးသပ် သရုပ်ဖေါ်ကြည့်ပေမဲ့ လူသားရဲ့စိတ်ပိုင်း ဆိုင်ရာ အရည်အသွေးကို တော့ခန့်မှန်းရခက်သလို ကိုင်တွယ်နိုင်ဖို့ဆိုတာလည်း လွယ်မယ်မထင်ပါဘူး၊ ဒါကြောင့် ပညာရှင်တချို့က ဂျင်းတွေအကြောင်းများများသိလေ ပိုမိုရှုပ်ထွေးလေဖြစ်ပြီး လူသားအပေါ်မှာ အဖြေရှာဖို့ ဝေးလေလေပဲတဲ့၊နီးရက်နဲ့ဝေး နေတာမျိုးပေါ့ ကိုယ်တိုင်လည်း လူဖြစ်ပြီး ငါဘယ်သူပါလိမ့် ဖြစ်နေတတ်တယ်လို့ နောက်ပြောင်စရာတောင်ဖြစ်နေတယ်၊ကိုယ့်ကိုကိုယ် ဖျက်ဆီးခံရ မယ့် မျိးရိုးဂျင်းတွေ ဘယ်မျိုးဆက်လောက်က ခုန်ကျော်ဝင်လာနိုင်မလဲ ဆိုတာ မသိနိုင်ကြလို့ဘဲတဲ့၊ဒါပေမဲ့ ဆေးလောကမှာတော့ မျိုးရိုးဗီဇပညာဟာ လူလားမြောက်တဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ အသုံးဝင်ဖို့ အလားအလာ ကောင်းတွေရှိနေတယ်လို့ ဆိုပါတယ်၊ ဥပမာ-ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေ ကျောက်ကပ်၊အသဲ စသည်တို့မှာ ပျက်စီးသွားတဲ့အစိတ်အပိုင်းကို Transplant မလုပ်ဘဲ ဂျင်းဗီဇပညာနဲ့ ပြန်လည်တိုးပွါးစေနိုင်တယ်လို့ဆိုတယ်၊လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က လူသား တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အလုပ်လုပ်နိုင်စွမ်းရှိသော ဂျင်းဗီဇ(၆၀၀၀၀)လောက်ကို DNA အက္ခရာစဉ် တွေရှာဖွေဖေါ်ထုတ် ရေးဆွဲနိုင်ခဲ့ကြတယ်၊ကျန်တဲ့ အလုပ်မလုပ်နိုင်စွမ်း DNAတွေကိုလည်း အက္ခရာစဉ်ဖို့ ကြိုးစားနေဆဲလို့သိရပါတယ်။

ဒီတော့ ကျွန်တော်တို့ ဘယ်နေ့သေမလဲ၊ဘယ်လိုရောဂါတွေခံစား ရနိုင်သလဲ၊ဒီထက်ဆင့်ကဲပြီး ဘယ်လိုအမှားတွေ လုပ်မိနိုင်မလဲ ဆိုတာတွေကိုတောင် ခန့်မှန်းရနိုင်ကောင်းရဲ့၊ဒီလို မသိအပ်တာမျိုးတွေကို ကြိုပြီး သိပ်သိနေပြန်ရင်လည်း အန္တရယ်တော့ အကြီးသားပဲ၊ဒါပေမဲ့ ကင်ဆာရောဂါ ဘယ်နေ့ဖြစ်လာမလဲ သိလို့ကြိုရှင်းထား နိုင်တာမျိုးကတော့ ကောင်းသပေါ့၊ တဖန် သီးနှံတွေကိုလည်း လူသားအတွက်စားသုံးဖို့ အန္တရယ်မဖြစ်စေဘဲ ပေါင်းသတ်ဆေးတွေဖျန်းထားနိုင်မယ်၊သို့မဟုတ် ဂျင်းဗီဇတွေပြုပြင် မွမ်းမံတဲ့ စားစရာ Genetically modified food တွေထုတ်လုပ်ပေးနိုင်မယ် ဆိုတာမျိုး ကျတော့ ကျေးဇူးတင်ထိုက်တယ်၊ဒါ့အပြင် တိရိစ္ဆန်တွေရဲ့ နို့ရည် ထဲမှာ အဖိုးတန် လူအကျိုးပြုဆေးဝါးတွေ ထုတ်ပေးစေတဲ့Pharming နည်း ပညာဆိုတာကလည်း မဆိုးလှဘူးထင်တယ်၊ တစ်ချို့ကတော့ သဘာဝမဟုတ်တဲ့ အဲဒီ G M foodတွေကိုမစားရဲကြဘူးတဲ့၊သဘာဝ ဂေဟစံနစ်ကြီး ပျက်စီးစေ နိုင်တာမျိုးကတော့ မကောင်းဘူးပေါ့၊ ဂျင်းဗီဇပညာနဲ့လုပ်နိုင်စွမ်းတွေ အများကြီးရှိလာပေမယ့် ငါးတွေကို လေထဲမှာပျံအောင်ဆိုတာ မျိုးက လိုအပ်လို့လားလို့ မေးစရာ ဖြစ်နေတာပေါ့။

မျိုးရိုးဗီဇ ပါမောက္ခ Steve Jone (လန်ဒန် ယူနီဗာစတီ)က ဂျင်း တို့၏ ဘာသာစကားဆိုတဲ့ စာအုပ်ကို ၁၉၉၃ ခုနှစ်က ရေးသားခဲ့တယ်၊အဲဒီ စာအုပ်မှာ မျိုးရိုးဗီဇပညာနဲ့ ဆက်နွယ်နေတဲ့ လူရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချကြရမှာဖြစ်လို့ ဒီပညာရပ်ကို လစ်လျူမရှုသင့်သလို လွှတ်ပေးထားရန်လည်းမသင့်ဟုထင်၏ လို့မှတ်ချက်ပြုခဲ့ပါတယ်။

ကျွန်တော်တို့ သက်ရှိလူသားအပေါ် စက်ရုပ်သဖွယ် ရုပ်ဝါဒ အမြင်မျိုးနဲ့ကြည့်ပြီး လုပ်မယ်ဆိုရင် အန္တရယ်တွေအများကြီး ရှိနိုင်တယ်လို့ ထင်ပါတယ်၊တဖန် နာမ်ဝါဒ စိတ်ဝါဒသက်သက်နဲ့ချည်း ခရီးဆက်နေမယ်ဆိုရင်လည်း လူ့အရည်အသွေး မပြည့်ဝစေနိုင်တဲ့ သဘောရောက်နေမှာဖြစ် ပါတယ်။ဒါကြောင့် လူသားရဲ့အပြုအမူကို ဗီဇတစ်ခုတည်းက ညွှန်ကြားစေ ခိုင်းနိုင်တယ်လို့ မှတ်ယူရင် လွန်ရာကျနေမလား၊ဖြစ်ရပ်တစ်ခုဟာ မျိုးရိုးဗီဇ ကြောင့် ဒီလိုဖြစ်ရတာပါလို့ အဖြေထုတ်ပေးနိုင်တာကိုတော့ ကြိုဆိုကြ ပါတယ်၊ဒါပေမဲ့ လူသားကို ကန့်သတ်ပြဋ္ဌာန်းဖို့ ပညာရပ်တစ်ခုအနေနဲ့ဖြစ် ပေါ်လာမယ်ဆိုတာတော့ အလှမ်းဝေးလွန်းလှတယ်လို့ မြင်ပါတယ်။

ဒါကြောင့် ဂျင်းဗီဇပညာတစ်ခုတည်းနဲ့ လူသားရဲ့အသိညဏ်ကို မြှင့်ဖို့ အတွေး အခေါ်ကို လျော်ကန်သင့်မြတ် စေဖို့ဆိုတာ လုံလောက်မယ် မထင်ပါဘူး၊ အခြားသော ပညာရပ်နယ်ပယ်အသီးသီးနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဦးနှောက်ပိုင်း စိတ်ပိုင်း စသည့် အချက်ပေါင်း များစွာ အခြေခံထားမှုမျိုးသာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ကမ္ဘာ့လူသားအားလုံးဟာ မျိုးရိုးဗီဇ ဂျင်းတွေသယ်ဆောင်လာကြ သူတွေချည်းဖြစ်တယ်၊ဒါကြောင့် ကျွန်တော်တို့ ကိုယ့်မျိုးရိုးရဲ့ ဂျင်း ဗီဇတွေကို သမိုင်းပေးတာဝန်အဖြစ်နဲ့ ခံယူထမ်းဆောင်ရင်း မိမိအသက်ရှင် ရပ်တည် နိုင်ရေး၊မိမိ အသိညဏ်ပညာ မြင့်မားရေးတို့ကို စွမ်းနိုင်သမျှ ကြိုးစားရပ်တည် သွားဖို့လိုပါတယ်၊ ရှေးခေတ်အဆက် ဆက် က ဗီဇပညာရှင်တွေနဲ့ ယခု ခေတ်သစ် ဇီဝသိပ္ပံပညာရှင် စိတ်နှင့် ဦးနှောက် နာဗ်ကြောသိပ္ပံ(Neuro science) ပညာရှင်များရဲ့ကျေးဇူးနဲ့ တနေ့နေ့မှာတော့ လူသားတွေရဲ့ အရည်အသွေးကို မြှင့်တင် နိုင်ကောင်းပါရဲ့လို့ မျှော်လင့်ပါတယ်၊ကျွန်တော်တို့ လည်း ကိုယ်ပိုင်မွေးရာပါ ဂျင်းဗီဇကောင်းတွေကို မပျက်မစီးအောင် ထိန်းသိမ်း စောင့်ရှောက်လျက် အသိညဏ် အရည်အသွေးတွေ တိုးတက် မြင့်မားအောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

ကျွန်တော့်ရဲ့ ဒိုင်ယာရီနဲ့အတွေးအခေါ်ကို ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ် ၊အကြံပြုချက်များကို ဖိတ်ခေါ်အပ်ပါတယ်။ ဆက်လက်ကြိုးစားပါဦးမည်။Thank all readers and I'll try to continue next chapters.There are many interested thinking in

Human being, such as conscience and brain, live and death,feeling and sense,behavior and social status etc..

welcome your opinion and suggestion or even criticize and any question. With best wishes and best regards.

မောင်ပညာ http:\\mgpyinnyar.friendster.blogs.com

Email : winpyin@gmail.com VZO; winhmue@vzochat.com

http:\\mgpyinnyar.blogspot.com Tele; 95-01-505721

Yangon, Myanmar

The state of being an independent man

အခန်း(၈)လွတ်လပ်သော လူသားဘ၀ (The state of being an Independent man )

လွတ်လပ်ခြင်းဆိုတာ အချုပ်အနှောင်ကင်းတဲ့ သဘောဖြစ် ပါတယ်၊အဘိဓာန်အလိုအရ မှီခိုလိုစိတ်မရှိသော (not willing to accept help)ဟုလည်းဆိုပါတယ်၊ဒါဟာ မိမိဘာသာ ရပ်တည်လိုခြင်း သဘောဆောင်ပါတယ်၊တဖန် တစ်စုံတစ်ဦး(၀ါ)တစ်စုံတစ်ခု၏ သြဇာခံ မဟုတ်ခြင်း(not relying to something (or) affected by some one)ဟုလည်း ဖွင့်ဆိုထားပါတယ်၊ သဘောတရားတူ ဝေါဟာရ အနေနဲ့ Freedom,Liberty,Independent စသည် တို့ဟာလည်း လွတ်လပ်ခြင်းသဘော ကိုပြဆိုထားပါတယ်၊တဖန် လူ့ဘ၀ရဲ့ ဘေးဒုက္ခ အန္တရယ်၊နာကျည်းမှု စသည့်ဆင်းရဲခြင်းသဘောတွေက လွတ်မြောက်မှု (Deliverance: The state of being rescued from danger, evil or pain)ကိုလည်း ရည်ညွှန်းထားကြောင်း လေ့လာမိပါတယ်။

ကျွန်တော်အနေနဲ့ ရုပ်ပိုင်းလွတ်လပ်မှုထက် လူသားရဲ့အတွင်း အဇ္ဈတ္ထစိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုအပိုင်းကို ဆွေးနွေး တင်ပြလိုခြင်း ဖြစ်ပါတယ်၊လူတစ်ယောက်ဟာ ပြစ်မှုကျူးလွန်လို့ အကျဉ်းထောင်ကျခံနေရရင် မလွတ်လပ်သူ ဖြစ်သွားကြောင်း သိပြီးဖြစ်ကြပါတယ်၊ဒါပေမဲ့ လူက ထောင်မကျဘဲ မိမိစိတ်ပိုင်းဆိုင်ရာမှာ တစ်စုံတစ်ခုလာရောက် စိုးမိုးချယ်လှယ်ခြင်း ခံနေရမယ်ဆိုရင် လည်း မလွတ်လပ်သူ ဖြစ်သွားနိုင်ပါတယ်၊တကယ်တော့ မိမိစိတ်ကို အခြား မည်သူမျှချုပ်ကိုင် မထားနိုင်ပေမယ့် မိမိဘာသာ လှည့်စား ပြီး မိမိကိုယ်မိမိ ပြန်လည်ချည်နှောင်ထားမိတဲ့အဖြစ်မျိုး ကျရောက်နေမယ် ဆိုရင်၊ကိုယ်တိုင်လည်း သတိမမူမိဘူးဆိုရင် မလွတ်လပ်သူလို့ သိမြင်နိုင် ခြင်းမရှိကြပါဘူး၊ ဒီအပိုင်းက ကျယ်ပြန့်လွန်းတဲ့အတွက် တစိတ်တဒေသကို သာ ကျွန်တော့်အမြင်နဲ့ ပေါင်းစပ်တင်ပြလိုပါတယ်။

လူတစ်ယောက်ဟာ မိမိကိုယ်မိမိ ယုံကြည်အားကိုးခြင်း၊သူတပါး အပေါ်အမှီခိုကင်းရှင်းခြင်း(Independent person:confident and free to do things without needing help from other)ရှိမှသာ လွတ်လပ်သူ လို့မြင်ပါတယ်၊လောကမှာ အမှီ အထောက်အပံ့ရှိလို့ ကြီးပွါး အောင်မြင်ရတဲ့ သဘောကတော့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အပြန်အလှန် ကျေးဇူးပြုခြင်းသဘောသာဖြစ်တဲ့အတွက် ဒီကိစ္စမျိုးကိုတော့ မလွတ်လပ်သူလို့ ဆိုနိုင်မှာမဟုတ်ပါဘူး၊ဥပမာ ရေခံမြေခံကောင်းမှု ရာသီဥတုမျှတမှု အထောက်အပံ့ရတဲ့ သစ်ပင်တွေကဲ့သို့ လူသားအချင်းချင်း ရိုင်းပင်းကူညီရင်း အောင်မြင်မှုတွေဖန်တီးနိုင်ကြရမှာ ဖြစ်ပါတယ်၊ကျွန်တော်ပြောချင်တဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့ မိမိစိတ်အစွဲကြောင့် မသိမမြင်နိုင်တဲ့ ပုဂ္ဂိုလ်(၀ါ) တန်ခိုးရှင် စသည်တွေကိုမှီခိုအားထားလိုစိတ်များပြားနေသူမျိုးဟာ မိမိကိုယ် မိမိယုံကြည် အားကိုးစိတ်ချို့ယွင်းပျော့ညံ့စေတဲ့အတွက် မလွတ်လပ်သူလို့ မြင်ပါတယ်။

လူသားတစ်ဦးအပေါ်မှာ မှားယွင်းစွာချုပ်ကိုင်ထားတဲ့ အတွေး အခေါ် အယူအဆတွေကို ရှေးအစဉ်အလာ ပင်ဖြစ်စေကာမူ ရဲရင့်စွာ အမှန်အတိုင်း သုံးသပ်ပြီး ထွင်းဖေါက်ရှုမြင်နိုင်မှသာ လွတ်လပ်သောလူသား ဘ၀ကို ရနိုင်ပါလိမ့်မယ်၊ကိုယ်လုပ်တာ ကိုယ်ကောင်းပါတယ် မှန်ပါတယ် ဆိုတဲ့ အစွဲမကင်းတဲ့ အယူအဆတွေနဲ့ ဘောင်ခတ်ထားမယ်ဆိုရင် ကိုယ့် စရိတ်နဲ့ကိုယ်ပြန် ချည်လိုက်သလို ဖြစ်တဲ့အတွက် မလွတ်လပ်သူဖြစ်သွား နိုင်ပါတယ်၊အမှန်တော့ လူဟာ မိမိစိတ်ကို မိမိသာပိုင်ဆိုင်ပြီး မိမိစိတ်ကြိုက် လွတ်လပ်စွာတွေးခေါ်နိုင် ခွင့်ရှိပါတယ်၊ကိုယ့် အတွေးအခေါ်တွေမှန်ကန် စေဖို့ကတော့ အသိညဏ်ပညာ ဗဟုသုတတွေ ကြွယ်ဝ ပြည့်စုံအောင် လေ့လာဆည်းဖူးထားရမှာဖြစ်ပါတယ်။

သိပ္ပံဒဿနပညာရှင် ဘာထရန်ရပ်ဆဲလ်(B. Russell)ကလည်း အသိပညာပြည့်စုံမှသာ အတိတ်ရော အနာဂါတ်ကိုပါ အမှန်အကန် သုံးသပ်နားလည်နိုင်မည်၊ထိုအခါမှသာ ပြည့်စုံသောလွတ်လပ်မှုကို ရရှိနိုင် သည်(completed knowledge would embrace the future as well as the past and the free will, therefore, in any valuable dense must be compactible with the fullest knowledge)လို့ဆိုခဲ့ ပါတယ်။လူတစ်ယောက်မှာ အစွဲမလွတ်မှုကြောင့် အမှားအယွင်းတွေ လုပ်မိတတ်သလို အစွန်းရောက်တဲ့အယူဝါဒတွေကြောင့်လည်း အကျိုးမရှိတဲ့ အလုပ်တွေ လုပ်နေမိတတ်ပါတယ်၊အဲဒီလို မဖြစ်ရအောင် အသိညဏ် ပညာဗဟုသုတတွေနဲ့ ထိန်းချုပ်ပြုပြင်ပေးဖို့ လိုပါတယ်၊အစွဲလွတ်မှု၊ အစွန်းလွတ်မှုတွေနဲ့ပြည့်စုံမှသာ လွတ်လပ်သူဖြစ်လာ နိုင်ပါတယ်၊ အစွန်း(၂) ဘက်မှလွတ်ခြင်း သဘောကို ရှေးပညာရှင်အချို့က တရားသေဆုပ်ကိုင်ထား မှုရော လွှတ်ချပစ်ပယ်ထားမှုရော မရှိခြင်း(beyond the dualism or beyond grasping and rejecting)လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်၊အမှန်တော့ အရှိအမှန်အတိုင်း(Real) သိမြင်ဖို့လိုပါတယ်၊ဒါ့အပြင် လူတစ်ချို့မှာ ပဋိပက္ခ(conflict) သဘော အတွင်းစိတ်မှာ ကိုယ့်စိတ်နဲ့ကိုယ့် ပတ်ဝန်းကျင် တိုက်ခိုက်နေမှုမျိုးလည်းရှိတတ်ပါတယ်၊ပတ်ဝန်းကျင်ကို မကျေနပ်ရာမှ တော်လှန်လို့မရတဲ့အခါ ကိုယ့်ကိုယ်ကို တိုက်ခိုက် တော်လှန်မှုတွေ ကိုယ့်စိတ်ကိုယ် ပြန်ချည်နှေင်မှုတွေ ပြုလာတတ်ပါတယ်၊အဲဒီ ပဋိပက္ခစိတ် မျိုးရှိသူမျိုးကို မလွတ်လပ်သူလို့မြင်ပါတယ်။

ထိုကဲ့သို့ အစွန်း(၂)ဘက်မှလွတ်ခြင်း၊ပဋိပက္ခစိတ်မှလွတ်ခြင်းကို ပကတိစိတ်(Absolute mind)လို့ ပညာရှင်အချို့က ဆိုပါတယ်၊ပကတိ စိတ်နဲ့ အရှိအမှန်အတိုင်း လုပ်ဆောင်နိုင်ခြင်းဟာ(Authentic)ရိုးသားမှု ရှိတဲ့အလုပ်(၀ါ)လှည့်စားမှု မပါတဲ့အလုပ်ဟု ဆိုပါတယ်၊ဒီလိုလုပ်ဆောင်နိုင်မှ လွတ်လပ်သူလို့ မြင်ပါတယ်၊ လွတ်လပ်သူဆိုတာ ကိုယ့်ကိုယ်ကို စိုးမိုးနိုင်သူ မျိုးဖြစ်ပါတယ်၊မိမိအပေါ် စိုးမိုးနေမှုများ(dominant)တွေကို ကိုက်ညှိလိုက်ပါနေခြင်းမျိုးကို မလိုလားပါဘူး၊အဓိပ္ပါယ်ကင်းမဲ့နေတဲ့(Facts without meaning ) အကြောင်းခြင်းရာ တွေကို လက်သင့်မခံဘူး၊ဒါပေမဲ့ တစ်ချို့ဟာ မိမိတို့လိုက်နာရန် အဆင်သင့်မဖြစ်သေးတဲ့ ယုံကြည်မှု(Belief: faith)ကို အားကိုးပြုဖို့ ဆွဲဆောင်ခံရတတ်တာမျိုး တွေ့ရပါတယ်၊လွတ်လပ်သူဟာ ဆွဲဆောင်လာတဲ့ စိတ်ကူးအယူအဆတွေကို အစဉ်အလာမို့ ဘ၀င်မကျဘဲ မျက်စိမှိတ်ယုံကြည် လက်ခံခြင်းမျိုးကို မလိုလားပါဘူး၊လူတစ်ချို့ဟာ ဒီလို ထုံးစံတွေ မလိုက်နာရင် ငါ့မှာ ကိုယ်ပိုင်အရည်အသွေးမရှိတော့သလိုလို၊သူတပါးကိုပဲ မှီခိုအားထားရတော့မလို ခံစားကြရ တတ်ပါတယ်။

အတွေးအခေါ်ရှင် Thomas Martin က လူ့ဘ၀ ရရှိမှုဟာ ကြီးမားသော လက်ဆောင်ဟု ခံယူအပ်ကြောင်း၊ မိမိရဲ့ ရှင်သန်မှုဘ၀ကို တန်ဘိုးထားရမှာဖြစ်ကြောင်း၊လူသည် ကမ္ဘာ့အလယ်မှာ မိမိကိုယ်ကျိုး သက်သက်အတွက် လူဖြစ်လာကြတာ မဟုတ်ဟုလည်း သဘာဝတရား အပေါ် နားလည်မှုရှိသင့်ကြောင်း ဖွင့်ဆိုခဲ့ပါတယ်၊ဘ၀ ဒဿနအမြင်နဲ့ လူ့ သဘာဝတရားများဟာ လွတ်လပ်သော လူသားဘ၀ဆီကို ဦးတည်နေသော် လည်း၊လူသည် မိမိကိုယ်ပိုင်အစွမ်းသတ္တိ(Authenticity)ပါရှိခြင်းကို မဖေါ်ထုတ်ဘဲ အခြားတပါးသူရဲ့ အလိုဆန္ဒ စိုးမိုးမှုအောက် ကျရောက်ခံရ ခြင်းဟာ မဖြစ်သင့်ပါဘူး၊မိမိ ပင်ကိုယ်အရည်အသွေးကို မိမိယုံကြည်မှုရှိဖို့ လိုပါတယ်၊မိမိစွမ်းရည်ကို ပိတ်ဆို့ကန့်သတ်မထားသင့်ပါဘူး၊လူ့သမိုင်းမှာ အသိညဏ်လွတ်လပ်မှုမွေးဖွါးလာတဲ့ခေတ် (Renaissance)လို့ ၁၅ရာစု ၁၆ရာစုနှစ်တွေမှာ ပေါ်ထွန်းခဲ့ပါတယ်၊အဲဒီနောက်ပိုင်း လူ့အသိညဏ်နဲ့ အတွေးအခေါ်တွေပြန်လည် ထွန်းကားလာပြီး လူသည်ကိုယ့်ဘ၀ကိုယ် ဖန်တီးနိုင်စွမ်း ရှိကြောင်း၊မိမိလုပ်သမျှ မိမိမှာတာဝန်ရှိကြောင်း၊ ရင့်ကျက်သူတို့ရဲ့ အနှစ်သာရဟာ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းနဲ့ မှန်ကန်တဲ့ရွေးချယ်မှု(creative and responsible choices )တို့ဖြစ်ကြောင်း ခေတ်သစ်အတွေးအခေါ် များ ထွန်းကားလာခဲ့ပါတယ်။မှန်ကန်တဲ့အတွေးအခေါ်များဟာ လွတ်လပ် သောလူသားဘ၀ ရောက်ရှိရေးကို ဦးတည်ပေးနိုင်တယ်လို့ ဆိုချင်ပါတယ်။

လူတွေ တွေးခေါ်ကြံစည်မှုကြောင့် မိမိတို့လူသားတွေရဲ့ လွတ် လပ်မှုကို မထိခိုက်သင့်ပါဘူး၊လူ့ဘ၀ ကိုယ်တိုင်ကိုက မွေးဖွါးချိန်မှ သေဆုံး ချိန်အထိ ရှင်သန်နေဆဲကာလတစ်ခုကို သတ်မှတ်ကန့်သတ်(limit)ထား ခြင်းခံရတဲ့ သဘောသဘာဝတရားတစ်ခု ဖြစ်ပါတယ်၊ဒါကြောင့် လူသည် မည်သို့ ပြည့်စုံသောလွတ်လပ်သူဟု ဆိုနိုင်မည်နည်း၊သေခြင်းမှ လွတ်ကင်းသူရယ်လို့ ယနေ့တိုင် ရှာမတွေ့သေးပါဟုလည်း မှတ်ချက်ပြုကြပါတယ်၊တ ကယ်တော့ No limitation အစွန်းမထွက်ဘူး(၀ါ)အကန့်အသတ် မကျော် ဘူးဆိုတဲ့ သဘောအဆင့်ကို ဆုံးဖြတ်ဖို့ခက်ခဲပါတယ်၊ဘာကြောင့်လဲဆိုရင် လုပ်ဆောင်ချက်တစ်ခုရဲ့ အစွန်း(limit)ဟာလည်း တစ်ချိန်နဲ့တစ်ချိန် မတူဘဲ ပြောင်းလဲတတ်တဲ့သဘောတရား(variable limitation)ရှိနေ တတ်လို့ဖြစ်ကြောင်း လေ့လာမိပါတယ်၊ အလားတူပဲ သူ့ခေတ်နဲ့သူ လက်ခံလာကြတဲ့ အမှန်တရားဆိုတာတွေဟာလည်း အမြဲမမှန်နိုင်ဘဲ ခေတ် ရေစီးနဲ့မျောပါမှု စီးမျောအမှန်(floating truth)အဖြစ် ပြောင်းလဲ တတ်ကြောင်း မှတ်သားမိပါတယ်၊ဒါကြောင့် အသိညဏ်ပညာနဲ့ ချင့်ချိန် ဆောင်ရွက်တတ်ဖို့ အရေးကြီးလှပါတယ်။

လူသည် ရုပ်ပိုင်းဆိုင်ရာသေဆုံးခြင်းသဘောမှ မလွတ်ကင်းနိုင်သော်လည်း ရှင်သန်ဆဲကာလမှာ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်တဲ့လူသား ဖြစ် သင့်ပါတယ်၊အတွေးအခေါ်ပိုင်းမှာ လွတ်လပ်စွာကျက်စားနိုင်မှု အသိညဏ် ကွန့်မြူးနိုင်မှုတွေရှိမှသာ လွတ်လပ်သူလို့မြင်ပါတယ်၊ဝေလငါးသည် သမုဒ္ဒရာမှာလွတ်လပ်စွာ ကူးခတ်မြူးတူးနိုင်ခြင်းဟာ သူ့အရွယ်အစားနဲ့ ၀င်ဆန့်မှုရှိလို့ ဖြစ်ပါတယ်၊ အသိညဏ်ကွန့်မြူးတဲ့အခါမှာတော့ အရွယ်အစား လည်းမရှိ စည်းတွေ ဘောင်တွေ အချုပ်အနှောင်ကန့်သတ်ချက်တွေ မရှိသင့်ပါဘူး၊ ပကတိဟင်းလင်းပြင်ထဲမှာ လွတ်လပ်စွာ ကွန့်မြူးနိုင်တဲ့ သဘောရှိပါတယ်၊ အတွင်းလဟာစိတ်(Inner emptiness)ကို အပြင်လဟာ(outer space) နဲ့ ဥပမာပြုဆက်စပ်တွေးခေါ်ခြင်း သဘောတရားလို့ အချို့ကဆိုပါတယ်၊အာကာသဟင်းလင်းပြင်ရဲ့ အကျယ်အ၀န်းကို ၀ါးလုံးခေါင်းထဲမှကြည့်ရင်မပီပြင်နိုင်သလို မိမိကိုယ်တိုင် အမြင်မကျဉ်းမြောင်းစေဖို့ လိုပါတယ်။အမြင်ကျယ်သူဖြစ် မှလည်း လွတ်လပ်သူ ဖြစ်နိုင်တယ်လို့မြင်ပါတယ်။

ဒါကြောင့် လူတချို့တွေးကြံနေတဲ့ လွတ်မြောက်ရာနယ်မြေ၊လား ရောက်ရာ ဘုံဋ္ဌာနစသည့် စိတ်ကူးနယ် အယူအဆများကို အသိညဏ် အမြင်မှန်နဲ့ ဆန်းစစ်ဝေဖန်သင့်ပါတယ်၊ပြဿနာမရှိသည်ကိုမှ ပြဿနာလုပ်မိရင် အဖြေလည်းမရှိသလို၊ ရောက်စရာမရှိသည်ကိုမှရောက်လိုပါက သွားရန်လမ်းလည်းမရှိဟု ဆိုကြပါတယ်၊လူသည် မိမိကိုယ်မိမိ ပြဿနာ မလုပ်မစေဖို့ အရေးကြီးသလို မိမိကိုယ်မိမိ မလွတ်လပ်သူဖြစ်အောင် ကန့်သတ်ချည်နှောင်မှု တွေ မပြုမိစေဖို့ မိမိမှာသာတာဝန် ရှိပါတယ်။ဘယ်သူမပြုမိမိမှု ဆိုသလို မိမိကြမ္မာမိမိဖန်တီးနိုင်သူ(၀ါ)မိမိသာလျင် ကံကြမ္မာရဲ့ အရှင်သခင်(I am a master of fate)ဆိုတဲ့ ကဗျာလေး ကဲ့သို့ မိမိကိုယ်မိမိ ယုံကြည်အားကိုးပြီး အမှီခိုကင်းတဲ့ လွတ်လပ်သော လူသားဘ၀ ရောက်ရှိအောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ် အပ်ပါတယ်။ မောင်ပညာ http:\\mgpyinnyar.friendster.blogs.com

Email : winpyin@gmail.com http:\\mgpyinnyar.blogspot.com

The state of being a cultured man

အခန်း(၇)ယဉ်ကျေးသော လူသားဘ၀ (The state of being a cultured man)

ယဉ်ကျေးမှုအဆင့်အတန်း(Civilization)ဆိုတဲ့ ဝေါဟာရ ဟာ လက်တင်ဘာသာမှ ဆင်းသက်လာပြီး (Civil)မြို့ပြ၊ (City)မြို့ကြီး စသည့် အဓိပ္ပါယ်ရပါတယ်၊culture ဆိုတာကတော့ ပျိုးထောင်ခြင်း(၀ါ) ယဉ်ကျေး မှု အဆင့်အတန်းရှိမှုရဲ့ ပုံစံတမျိုး(A form of type of civilization)လို့ အဘိဓာန်ကဆိုပါတယ်၊(cultured man)ဆိုတာ အသိညဏ်ပညာ ဗဟုသုတပြည့်စုံမှုရှိသူ (well educated man)လို့ဖွင့်ဆိုထားပါတယ်။

ကျွန်တော်အနေနဲ့ လူသားပျိုးထောင်မှု(Human culture) အပိုင်းနဲ့ လူ့အဖွဲ့အစည်းယဉ်ကျေးမှုအဆင့်အတန်း (civilization) ကိုမြှင့်တင်ခြင်း အပိုင်းကိုဆွေးနွေးတင်ပြချင်ပါတယ်၊ပျိုးထောင်ခြင်း အပိုင်းမှာ ပညာရေးဖြင့် စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးစေခြင်း (improvement of mind by education)လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်၊ အမေရိကန်နိုင်ငံ ချီကာဂို နေ့စဉ်သတင်းစာကြီးမှာ အပတ်စဉ်ဖေါ်ပြခံရတဲ့ ပါမောက္ခ Motimar J. Adler ရဲ့အမေးအဖြေ ကဏ္ဍမှာcultureဆိုတာ သဘောလက္ခဏာတိုးတက်မှု(၀ါ)သဘောသဘာဝပြည့်စုံမှုအပိုင်းလို့ဆိုပါတယ်၊ ဥပမာ Agri culture ဆိုရင် စိုက်ပျိုးမှုဖွံ့ဖြိုးစေခြင်းကို ရည်ရွယ်ထားကြောင်း၊ physical culture ဆိုတာခန္ဓာကိုယ် သန်မာဖွံ့ဖြိုးစေခြင်းကို ရည်ညွှန်းကြောင်း Human culture ကတော့ လူသားပျိုးထောင်မှုဖြစ်တဲ့ ကိုယ်ကျင့်တရား နဲ့ အသိညဏ်ဖွံ့ဖြိုးစေခြင်းကိုဆိုလိုကြောင်း ရှင်းပြဖြေဆိုထားတာကို လေ့လာ မှတ်သားမိပါတယ်၊ဒါကြောင့် Culture ပျိုးထောင်မှု ဆိုတာနယ်ပယ် အရပ် ရပ်မှာပါဝင်ပြီး လူသားရဲ့စိတ်ပိုင်း ရုပ်ပိုင်း လူမှုရေးအပိုင်းတွေ စုပေါင်းပါဝင် နေပါတယ်။

လူသားပျိုးထောင်မှု (Human culture)အပိုင်းမှာ တစ်ချို့က လူသားရဲ့ စိတ်ပိုင်းအခြေအနေကို ဒဿနိကဗေဒ၊သိပ္ပံ၊အနုပညာ စသည်တို့ ဖြင့်ဖေါ်ဆောင်မှုပြုကြပါတယ်၊cultureနဲ့ပတ်သက်ပြီး မနုဿဗေဒ အမြင် (Authro pological view)နဲ့ လူသားဝါဒအမြင် (Humanistic view)ဆိုပြီးအမြင်(၂)မျိုးရှိတယ်လို့ဆိုပါတယ်၊ အရစ္စတိုတယ် ကတော့ လူ့ အဖွဲ့အစည်းရဲ့ စီးပွါးရေး လူမှုရေးဖွံ့ဖြိုးမှုအတွက် လူသားရဲ့စိတ်ပျိုးထောင်မှု အပိုင်းဟာ အရေးကြီးလှကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ငယ်စဉ်ကလေးဘ၀ကို မိဘနဲ့ ဆရာတွေက ပျိုးထောင်မှုတွေပေးခဲ့ပါတယ်၊မိဘတိုင်းဟာ ကိုယ့်သားသမီးလေးတွေကို လိမ်မာယဉ်ကျေးသူမျိုးဖြစ်စေဖို့ လိုလားကြပါတယ်၊ဘယ်မိဘမှ လူဆိုးလူမိုက် (၀ါ)ကြမ်းတမ်း ရိုင်းစိုင်းသူ ဖြစ်အောင် မဆုံးမကြပါဘူး၊ဒါပေမယ့် တချို့က ကြီးပြင်းလာမှ မိုက်တွင်းနက်ပြီး လူဆိုးလူမိုက်ဖြစ်သွားကြပါတယ်၊တစ်ချို့ ကလည်း လူဆိုးမဖြစ်သည့်တိုင် မိရိုးဖလာအဆုံးအမနဲ့ အစဉ်အလာအောက်မှာ သာမန်ရိုးရိုးလူသားဘ၀အဖြစ်နဲ့နေထိုင်သွားကြပါတယ်၊ တစ်ချို့ကတော့ အသိပညာတွေ၊ဗဟုသုတနဲ့ အတွေးအခေါ်တွေ ပြည့်ဝအောင်ကြိုးစား ရင်း လူတော်လူကျော်အဆင့်ကို တက်လှမ်းနိုင်ကြ ပါတယ်၊အသိမှန် အမြင်မှန် ပညာညဏ်တွေပြည့်ဝတဲ့ အမြော်အမြင်ရှိသူ(wise man)ဖြစ်လာကြ ပါတယ်။

ကျွန်တောပြောချင်တာက အမြော်အမြင်ရှိတဲ့လူသား (တနည်း) ပညာညဏ်ကြီးမြင့်သူမျိုးမဖြစ်လာဘူး ဆိုရင်တောင် လိမ်မာယဉ်ကျေးပြီးညဏ်ညာ ထက်မြက်တဲ့ လူတော်(clever man)တစ်ယောက်ဖြစ်စေလိုတဲ့ အပိုင်းဖြစ်ပါတယ်၊လူမျိုးတိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့ သူ့ဓလေ့ထုံး(custom)တွေ ကိုယ်စီရှိကြပါတယ်၊ကနဦး ပျိုးထောင်မှုဟာ လူအဖွဲ့အစည်း တစ်ရပ်လုံး ယဉ်ကျေးမှု အဆင့်အတန်းမြှင့်တင်ပေးရေး(More advanced type of society)အတွက် အရေးပါတဲ့ အချက်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ဒဿနပညာရှင်အချို့ကတော့ civilization မှာ သဘာဝကျတဲ့ ထိုးထွင်းသိမြင်မှု တစ်ရပ်ရှိနေလို့သာculture ရဲ့အဆုံးပိုင်း(၀ါ) မပျောက် ကွယ်မှီ ကပ်ပြီးပေါ်ထွန်းလာတာလို့ သုံးသပ်ကြပါတယ်၊ဒါဟာ ပျိုးထောင်မှု ရဲ့အကျပိုင်းဟာ ယဉ်ကျေးမှု civilizationဖြစ်တယ်လို့ပြောခြင်းဖြစ်ပါတယ်၊ ပြင်သစ် ဒဿနပညာရှင် Rousseanကတော့ လူ့ဘ၀ရဲ့ရှင်သန်ပြည့်စုံမှုဟာ သဘာဝတရားနဲ့ လိုက်လျောညီထွေရှိအောင် နေထိုင်ခြင်း (Adeptation)ပဲဖြစ်ကြောင်း၊ယဉ်ကျေးမှုရှိပါတယ်ဆိုတဲ့ လူမျိုး/ လူ့အဖွဲ့အစည်းတွေမှာ ဖေါက်ပြန်မှုတွေ၊ အတုအယောင် အလိမ်အညာတွေနဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်နိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။

တကယ်တော့culture ဆိုတာ လူသားရဲ့သက်ဆိုင်ရာ နယ်ပယ် အရပ်ရပ်ကို ပျိုးထောင်ပေးခြင်းဖြင့် အခြေခံတည်ဆောက်မှုသဘောဖြစ် တယ်လို့ ကျွန်တော်မြင်ပါတယ်၊ခေတ်သစ် စိတ်ပညာရှင် ဆစ်ခမန် ဖရွိုက် ရဲ့Civilization and its Discentent (ယဉ်ကျေးမှုနဲ့ ယင်း၏ မတင်းတိမ် မရောင့်ရဲမှုများ)ဆိုတဲ့စာအုပ်မှာ အယူအဆတစ်ခုဖေါ်ပြခဲ့ပါတယ်၊လူသား တွေရဲ့ ဇီဝဆိုင်ရာစွမ်းအားတွေ၊စိတ်ပိုင်းစေ့ဆော်မှုတွေဟာ လူတွေအပေါ် မှာဖိစီးနေတဲ့ civilization ယဉ်ကျေးမှုကြောင့်ပဲ ကတိမ်းကပါးဖြစ်ပြီး ပျက်စီးရတယ်လို့ဆိုပါတယ်၊ဒီတော့ ကျွန်တော်တို့ သဘာဝတရားဆီပြန်သွား ဖို့ မိမိ ပျိုးထောင်ပြီးသား ယဉ်ကျေးမှုအဆင့်အတန်း culture & civilization ကိုဖျက်သိမ်းပြစ်ရတော့မလား၊ဒီလိုလဲ မယူဆနိုင်ပါဘူး၊ဒါကြောင့် ဖရွိုက် က သူရဲ့ စိတ်စီစစ်မှုပညာ(Psycho Analysis)နဲ့ လူသားတွေရဲ့ စိတ် ကတိမ်းကပါးဖြစ်ရမှုကို ပြန်လည်ထိန်းချုပ်ပေးနိုင်မှာဖြစ်ကြောင်း ဖေါ်ပြခဲ့ပါတယ်၊ သူ့အဆိုအရ လူသားတိုင်းဟာ မိမိကိုယ်မိမိ ရန်လိုစိတ်၊မိမိ ကိုယ်မိမိ ဖျက်ဆီးလိုစိတ်တွေ အတွင်းအဇ္ဈတ္ထစိတ်မှာ ကိန်းအောင်းနေတတ် ကြောင်း၊ဒီလို လူသားအတွင်းစိတ်ရဲ့ ဆိုးညစ်ယုတ်မာတတ်မှုတွေကို ပညာရပ်တွေနဲ့ ထိန်းချုပ်ပေးဖို့လိုကြောင်း၊စိတ်ပျိုးထောင်မှုအတွက် စိတ်စီစစ်မှုပညာကို အားကိုးကြောင်း ဖေါ်ပြခဲ့ပါတယ်။

ရှေးကျတဲ့ ပျိုးထောင်မှု(Primitive culture) တွေရှိခဲ့၍ ယနေ့မျက်မှောက်ခေတ်မှာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု အဆင့်အတန်း(civilization)တိုးတက်လာတဲ့ အဆင့်ကိုရတယ်လို့ ပညာရှင်အချို့က ဆိုပါတယ်၊ ကျွန်တော့်အမြင်မှာတော့ လူမျိုးတိုင်း မိမိတို့ဘာသာ ဓလေ့ထုံးတမ်း အစဉ် အလာတွေကို ပျိုးထောင်မှုတွေပေးခဲ့ကြလို့ ယနေ့အခြေအနေထိ ရောက်ရှိ လာပြီး civilization ယဉ်ကျေးမှုအဆင့်အတန်း တိုးတက်မြင့်မား လာမှု ရှိသလို တဖက်ကလည်း မိမိတို့လူမျိုးစွဲ၊ဓလေ့စွဲ၊ဘာသာစွဲ စသည် တရားသေ ဆုပ်ကိုင်ထားမှုတွေကြောင့် ဆုတ်ယုတ်ပျက်စီး မှုတွေကို ကြုံတွေ့ နေကြရ ပါတယ်၊တဖန် အတွေးအခေါ်ပိုင်းမှာ လက်ရှိခေတ်နဲ့လျော်ညီအောင် မှန်ကန်တဲ့ပြုပြင် ပျိုးထောင်မှုတွေ ပေးဖို့လိုအပ်လာပြီလို့ဆိုချင်ပါတယ်၊ဒါကို ပညာရှင်အချို့က အစဉ်အလာအောက်မှရုန်းထွက်ခြင်း(၀ါ) ငြင်းပယ်ခြင်း၏ အလှ စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

လူသားဘ၀ရဲ့ဖြစ်တည်မှုသဘောတရား(Existentialism) အယူအဆရှိသူ ပညာရှင်အချို့ကလည်း လူသည် အစဉ်အလာတစ်ခု အောက်တွင်လွှမ်းမိုးခံပြီး နစ်မွန်းနေသည့် အမျိုးအစားမဟုတ်ကြောင်း၊ဖြစ် နိုင်ချေရှိရာသို့ အစဉ်တိုးတက်နေလျက် လားရာအမှန်ဆီသို့ အညွန့်တလူလူ ရှိနေတဲ့ အမျိုးအစားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ ပါတယ်၊တစ်ချို့ သဘာ၀၀ါဒီ (Natural determinism)အယူအဆရှိသူတွေက လူသည် သဘာဝ အတိုင်းပဲ ဖြစ်ရမည်ဟု ဆိုကြပါသေးတယ်၊ဘယ်လိုပဲဖြစ်ဖြစ် လူသည် သိစိတ်(consciousness)အခြေခံထားသဖြင့် မည်သည့်ပြဋ္ဌာန်းခံမျှ မဖြစ်နိုင်ဟု ကောက်ချက်ချတတ်ကြောင်း လေ့လာမှတ်သားမိ ပါတယ်။

ကျွန်တော်ပြောချင်တာက ပျိုးထောင်မှုကောင်းမွန်တဲ့လူသား (cultured man)တွေ ရှိလာမှ ယဉ်ကျေးမှုအဆင့်အတန်း (civilization)မြင့်မားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာနိုင်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်၊ဒါကြောင့် ကျွန်တော်တို့ အသိညဏ်ပညာပြည့်ဝတဲ့ လူ့အဖွဲ့အစည်း(Knowledge society)ကို ထူထောင်ခြင်းအားဖြင့် ကောင်းမွန်တဲ့လူသားပျိုးထောင်မှု (Human culture)ကို ပေးနိုင်မယ်လို့ ကျွန်တော်မြင်ပါတယ်၊ ခေတ်မှီပြီး နိုင်ငံတကာအဆင့်မှီတဲ့ ပညာရေးစံနစ်တွေ အစွမ်းကုန်လမ်းဖွင့်ပေးရမှာ ဖြစ်ပါတယ်။ဒါဟာခေတ်မှီတဲ့ ပျိုးထောင်မှု(Modern culture)ကိုပေးစွမ်းနိုင်ခြင်းအားဖြင့် လူငယ်မျိုးဆက်သစ်တွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်း ဟာလည်း မြင့်မားလာနိုင်တယ်လို့ ယုံကြည် ပါတယ်၊ဒါကြောင့် ကျွန်တော်တို့ကိုယ်စီ ကိုယ်ကျင့်တရား နဲ့ အသိညဏ်ပညာ ပြည့်ဝအောင် ဖြည့်ဆီးလျက် ယဉ်ကျေးတဲ့လူသားဘ၀ ရောက်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ ၂၀၀၇ ခုနှစ်၊ဧပြီလ မောင်ပညာ http:\\mgpyinnyar.friendster.blogs.com

Email : winpyin@gmail.com http:\\mgpyinnyar.blogspot.com