Monday, 2 March 2009

The state of being a cultured man

အခန်း(၇)ယဉ်ကျေးသော လူသားဘ၀ (The state of being a cultured man)

ယဉ်ကျေးမှုအဆင့်အတန်း(Civilization)ဆိုတဲ့ ဝေါဟာရ ဟာ လက်တင်ဘာသာမှ ဆင်းသက်လာပြီး (Civil)မြို့ပြ၊ (City)မြို့ကြီး စသည့် အဓိပ္ပါယ်ရပါတယ်၊culture ဆိုတာကတော့ ပျိုးထောင်ခြင်း(၀ါ) ယဉ်ကျေး မှု အဆင့်အတန်းရှိမှုရဲ့ ပုံစံတမျိုး(A form of type of civilization)လို့ အဘိဓာန်ကဆိုပါတယ်၊(cultured man)ဆိုတာ အသိညဏ်ပညာ ဗဟုသုတပြည့်စုံမှုရှိသူ (well educated man)လို့ဖွင့်ဆိုထားပါတယ်။

ကျွန်တော်အနေနဲ့ လူသားပျိုးထောင်မှု(Human culture) အပိုင်းနဲ့ လူ့အဖွဲ့အစည်းယဉ်ကျေးမှုအဆင့်အတန်း (civilization) ကိုမြှင့်တင်ခြင်း အပိုင်းကိုဆွေးနွေးတင်ပြချင်ပါတယ်၊ပျိုးထောင်ခြင်း အပိုင်းမှာ ပညာရေးဖြင့် စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးစေခြင်း (improvement of mind by education)လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်၊ အမေရိကန်နိုင်ငံ ချီကာဂို နေ့စဉ်သတင်းစာကြီးမှာ အပတ်စဉ်ဖေါ်ပြခံရတဲ့ ပါမောက္ခ Motimar J. Adler ရဲ့အမေးအဖြေ ကဏ္ဍမှာcultureဆိုတာ သဘောလက္ခဏာတိုးတက်မှု(၀ါ)သဘောသဘာဝပြည့်စုံမှုအပိုင်းလို့ဆိုပါတယ်၊ ဥပမာ Agri culture ဆိုရင် စိုက်ပျိုးမှုဖွံ့ဖြိုးစေခြင်းကို ရည်ရွယ်ထားကြောင်း၊ physical culture ဆိုတာခန္ဓာကိုယ် သန်မာဖွံ့ဖြိုးစေခြင်းကို ရည်ညွှန်းကြောင်း Human culture ကတော့ လူသားပျိုးထောင်မှုဖြစ်တဲ့ ကိုယ်ကျင့်တရား နဲ့ အသိညဏ်ဖွံ့ဖြိုးစေခြင်းကိုဆိုလိုကြောင်း ရှင်းပြဖြေဆိုထားတာကို လေ့လာ မှတ်သားမိပါတယ်၊ဒါကြောင့် Culture ပျိုးထောင်မှု ဆိုတာနယ်ပယ် အရပ် ရပ်မှာပါဝင်ပြီး လူသားရဲ့စိတ်ပိုင်း ရုပ်ပိုင်း လူမှုရေးအပိုင်းတွေ စုပေါင်းပါဝင် နေပါတယ်။

လူသားပျိုးထောင်မှု (Human culture)အပိုင်းမှာ တစ်ချို့က လူသားရဲ့ စိတ်ပိုင်းအခြေအနေကို ဒဿနိကဗေဒ၊သိပ္ပံ၊အနုပညာ စသည်တို့ ဖြင့်ဖေါ်ဆောင်မှုပြုကြပါတယ်၊cultureနဲ့ပတ်သက်ပြီး မနုဿဗေဒ အမြင် (Authro pological view)နဲ့ လူသားဝါဒအမြင် (Humanistic view)ဆိုပြီးအမြင်(၂)မျိုးရှိတယ်လို့ဆိုပါတယ်၊ အရစ္စတိုတယ် ကတော့ လူ့ အဖွဲ့အစည်းရဲ့ စီးပွါးရေး လူမှုရေးဖွံ့ဖြိုးမှုအတွက် လူသားရဲ့စိတ်ပျိုးထောင်မှု အပိုင်းဟာ အရေးကြီးလှကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ငယ်စဉ်ကလေးဘ၀ကို မိဘနဲ့ ဆရာတွေက ပျိုးထောင်မှုတွေပေးခဲ့ပါတယ်၊မိဘတိုင်းဟာ ကိုယ့်သားသမီးလေးတွေကို လိမ်မာယဉ်ကျေးသူမျိုးဖြစ်စေဖို့ လိုလားကြပါတယ်၊ဘယ်မိဘမှ လူဆိုးလူမိုက် (၀ါ)ကြမ်းတမ်း ရိုင်းစိုင်းသူ ဖြစ်အောင် မဆုံးမကြပါဘူး၊ဒါပေမယ့် တချို့က ကြီးပြင်းလာမှ မိုက်တွင်းနက်ပြီး လူဆိုးလူမိုက်ဖြစ်သွားကြပါတယ်၊တစ်ချို့ ကလည်း လူဆိုးမဖြစ်သည့်တိုင် မိရိုးဖလာအဆုံးအမနဲ့ အစဉ်အလာအောက်မှာ သာမန်ရိုးရိုးလူသားဘ၀အဖြစ်နဲ့နေထိုင်သွားကြပါတယ်၊ တစ်ချို့ကတော့ အသိပညာတွေ၊ဗဟုသုတနဲ့ အတွေးအခေါ်တွေ ပြည့်ဝအောင်ကြိုးစား ရင်း လူတော်လူကျော်အဆင့်ကို တက်လှမ်းနိုင်ကြ ပါတယ်၊အသိမှန် အမြင်မှန် ပညာညဏ်တွေပြည့်ဝတဲ့ အမြော်အမြင်ရှိသူ(wise man)ဖြစ်လာကြ ပါတယ်။

ကျွန်တောပြောချင်တာက အမြော်အမြင်ရှိတဲ့လူသား (တနည်း) ပညာညဏ်ကြီးမြင့်သူမျိုးမဖြစ်လာဘူး ဆိုရင်တောင် လိမ်မာယဉ်ကျေးပြီးညဏ်ညာ ထက်မြက်တဲ့ လူတော်(clever man)တစ်ယောက်ဖြစ်စေလိုတဲ့ အပိုင်းဖြစ်ပါတယ်၊လူမျိုးတိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့ သူ့ဓလေ့ထုံး(custom)တွေ ကိုယ်စီရှိကြပါတယ်၊ကနဦး ပျိုးထောင်မှုဟာ လူအဖွဲ့အစည်း တစ်ရပ်လုံး ယဉ်ကျေးမှု အဆင့်အတန်းမြှင့်တင်ပေးရေး(More advanced type of society)အတွက် အရေးပါတဲ့ အချက်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ဒဿနပညာရှင်အချို့ကတော့ civilization မှာ သဘာဝကျတဲ့ ထိုးထွင်းသိမြင်မှု တစ်ရပ်ရှိနေလို့သာculture ရဲ့အဆုံးပိုင်း(၀ါ) မပျောက် ကွယ်မှီ ကပ်ပြီးပေါ်ထွန်းလာတာလို့ သုံးသပ်ကြပါတယ်၊ဒါဟာ ပျိုးထောင်မှု ရဲ့အကျပိုင်းဟာ ယဉ်ကျေးမှု civilizationဖြစ်တယ်လို့ပြောခြင်းဖြစ်ပါတယ်၊ ပြင်သစ် ဒဿနပညာရှင် Rousseanကတော့ လူ့ဘ၀ရဲ့ရှင်သန်ပြည့်စုံမှုဟာ သဘာဝတရားနဲ့ လိုက်လျောညီထွေရှိအောင် နေထိုင်ခြင်း (Adeptation)ပဲဖြစ်ကြောင်း၊ယဉ်ကျေးမှုရှိပါတယ်ဆိုတဲ့ လူမျိုး/ လူ့အဖွဲ့အစည်းတွေမှာ ဖေါက်ပြန်မှုတွေ၊ အတုအယောင် အလိမ်အညာတွေနဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်နိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။

တကယ်တော့culture ဆိုတာ လူသားရဲ့သက်ဆိုင်ရာ နယ်ပယ် အရပ်ရပ်ကို ပျိုးထောင်ပေးခြင်းဖြင့် အခြေခံတည်ဆောက်မှုသဘောဖြစ် တယ်လို့ ကျွန်တော်မြင်ပါတယ်၊ခေတ်သစ် စိတ်ပညာရှင် ဆစ်ခမန် ဖရွိုက် ရဲ့Civilization and its Discentent (ယဉ်ကျေးမှုနဲ့ ယင်း၏ မတင်းတိမ် မရောင့်ရဲမှုများ)ဆိုတဲ့စာအုပ်မှာ အယူအဆတစ်ခုဖေါ်ပြခဲ့ပါတယ်၊လူသား တွေရဲ့ ဇီဝဆိုင်ရာစွမ်းအားတွေ၊စိတ်ပိုင်းစေ့ဆော်မှုတွေဟာ လူတွေအပေါ် မှာဖိစီးနေတဲ့ civilization ယဉ်ကျေးမှုကြောင့်ပဲ ကတိမ်းကပါးဖြစ်ပြီး ပျက်စီးရတယ်လို့ဆိုပါတယ်၊ဒီတော့ ကျွန်တော်တို့ သဘာဝတရားဆီပြန်သွား ဖို့ မိမိ ပျိုးထောင်ပြီးသား ယဉ်ကျေးမှုအဆင့်အတန်း culture & civilization ကိုဖျက်သိမ်းပြစ်ရတော့မလား၊ဒီလိုလဲ မယူဆနိုင်ပါဘူး၊ဒါကြောင့် ဖရွိုက် က သူရဲ့ စိတ်စီစစ်မှုပညာ(Psycho Analysis)နဲ့ လူသားတွေရဲ့ စိတ် ကတိမ်းကပါးဖြစ်ရမှုကို ပြန်လည်ထိန်းချုပ်ပေးနိုင်မှာဖြစ်ကြောင်း ဖေါ်ပြခဲ့ပါတယ်၊ သူ့အဆိုအရ လူသားတိုင်းဟာ မိမိကိုယ်မိမိ ရန်လိုစိတ်၊မိမိ ကိုယ်မိမိ ဖျက်ဆီးလိုစိတ်တွေ အတွင်းအဇ္ဈတ္ထစိတ်မှာ ကိန်းအောင်းနေတတ် ကြောင်း၊ဒီလို လူသားအတွင်းစိတ်ရဲ့ ဆိုးညစ်ယုတ်မာတတ်မှုတွေကို ပညာရပ်တွေနဲ့ ထိန်းချုပ်ပေးဖို့လိုကြောင်း၊စိတ်ပျိုးထောင်မှုအတွက် စိတ်စီစစ်မှုပညာကို အားကိုးကြောင်း ဖေါ်ပြခဲ့ပါတယ်။

ရှေးကျတဲ့ ပျိုးထောင်မှု(Primitive culture) တွေရှိခဲ့၍ ယနေ့မျက်မှောက်ခေတ်မှာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု အဆင့်အတန်း(civilization)တိုးတက်လာတဲ့ အဆင့်ကိုရတယ်လို့ ပညာရှင်အချို့က ဆိုပါတယ်၊ ကျွန်တော့်အမြင်မှာတော့ လူမျိုးတိုင်း မိမိတို့ဘာသာ ဓလေ့ထုံးတမ်း အစဉ် အလာတွေကို ပျိုးထောင်မှုတွေပေးခဲ့ကြလို့ ယနေ့အခြေအနေထိ ရောက်ရှိ လာပြီး civilization ယဉ်ကျေးမှုအဆင့်အတန်း တိုးတက်မြင့်မား လာမှု ရှိသလို တဖက်ကလည်း မိမိတို့လူမျိုးစွဲ၊ဓလေ့စွဲ၊ဘာသာစွဲ စသည် တရားသေ ဆုပ်ကိုင်ထားမှုတွေကြောင့် ဆုတ်ယုတ်ပျက်စီး မှုတွေကို ကြုံတွေ့ နေကြရ ပါတယ်၊တဖန် အတွေးအခေါ်ပိုင်းမှာ လက်ရှိခေတ်နဲ့လျော်ညီအောင် မှန်ကန်တဲ့ပြုပြင် ပျိုးထောင်မှုတွေ ပေးဖို့လိုအပ်လာပြီလို့ဆိုချင်ပါတယ်၊ဒါကို ပညာရှင်အချို့က အစဉ်အလာအောက်မှရုန်းထွက်ခြင်း(၀ါ) ငြင်းပယ်ခြင်း၏ အလှ စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

လူသားဘ၀ရဲ့ဖြစ်တည်မှုသဘောတရား(Existentialism) အယူအဆရှိသူ ပညာရှင်အချို့ကလည်း လူသည် အစဉ်အလာတစ်ခု အောက်တွင်လွှမ်းမိုးခံပြီး နစ်မွန်းနေသည့် အမျိုးအစားမဟုတ်ကြောင်း၊ဖြစ် နိုင်ချေရှိရာသို့ အစဉ်တိုးတက်နေလျက် လားရာအမှန်ဆီသို့ အညွန့်တလူလူ ရှိနေတဲ့ အမျိုးအစားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ ပါတယ်၊တစ်ချို့ သဘာ၀၀ါဒီ (Natural determinism)အယူအဆရှိသူတွေက လူသည် သဘာဝ အတိုင်းပဲ ဖြစ်ရမည်ဟု ဆိုကြပါသေးတယ်၊ဘယ်လိုပဲဖြစ်ဖြစ် လူသည် သိစိတ်(consciousness)အခြေခံထားသဖြင့် မည်သည့်ပြဋ္ဌာန်းခံမျှ မဖြစ်နိုင်ဟု ကောက်ချက်ချတတ်ကြောင်း လေ့လာမှတ်သားမိ ပါတယ်။

ကျွန်တော်ပြောချင်တာက ပျိုးထောင်မှုကောင်းမွန်တဲ့လူသား (cultured man)တွေ ရှိလာမှ ယဉ်ကျေးမှုအဆင့်အတန်း (civilization)မြင့်မားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာနိုင်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်၊ဒါကြောင့် ကျွန်တော်တို့ အသိညဏ်ပညာပြည့်ဝတဲ့ လူ့အဖွဲ့အစည်း(Knowledge society)ကို ထူထောင်ခြင်းအားဖြင့် ကောင်းမွန်တဲ့လူသားပျိုးထောင်မှု (Human culture)ကို ပေးနိုင်မယ်လို့ ကျွန်တော်မြင်ပါတယ်၊ ခေတ်မှီပြီး နိုင်ငံတကာအဆင့်မှီတဲ့ ပညာရေးစံနစ်တွေ အစွမ်းကုန်လမ်းဖွင့်ပေးရမှာ ဖြစ်ပါတယ်။ဒါဟာခေတ်မှီတဲ့ ပျိုးထောင်မှု(Modern culture)ကိုပေးစွမ်းနိုင်ခြင်းအားဖြင့် လူငယ်မျိုးဆက်သစ်တွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်း ဟာလည်း မြင့်မားလာနိုင်တယ်လို့ ယုံကြည် ပါတယ်၊ဒါကြောင့် ကျွန်တော်တို့ကိုယ်စီ ကိုယ်ကျင့်တရား နဲ့ အသိညဏ်ပညာ ပြည့်ဝအောင် ဖြည့်ဆီးလျက် ယဉ်ကျေးတဲ့လူသားဘ၀ ရောက်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ ၂၀၀၇ ခုနှစ်၊ဧပြီလ မောင်ပညာ http:\\mgpyinnyar.friendster.blogs.com

Email : winpyin@gmail.com http:\\mgpyinnyar.blogspot.com

No comments:

Post a Comment